Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အနောက်တိုင်းမှော်ပညာတစ်ကိုယ်တော်လေ့လာမည့်သူများအတွက် စံနမူနာအချက်(၇)ချက်



"ကမ္ဘာမြေရဲ့နေရာ
တိုင်းနေရာတိုင်းမှာ မှော်ဆန်သောအရာများနှင့် ပြည့်နှက်လျက်ရှိပြီး အဲ့ဒီအရာတွေက သူတို့ကို ကြီးမားစွာအာရုံခံစား စက္ခုပသာဒကွန့်မြူးစေဖို့ စိတ်ရှည်စွာနဲ့စောင့်ဆိုင်းလျက်ရှိနေကြပါတယ်။"

- W.B Yeats

ဒီလိုမျိုး မှော်ဆန်တဲ့အရာတွေ ဖမ်းဆုပ်မိစေဖို့အတွက် ဘယ်လိုအမူအကျင့်တွေပြုမူနေထိုင်ရပါမလဲ။ သင့်ရဲ့ နေ့ရက်တွေဆီကို မှော်ပညာတွေဘယ်လိုဖိတ်ခေါ်ရပါမလဲ။ ယခု စာရေးနေသော ကျွန်တော်ကိုယ်တိုင်သည်လည်း တစ်ကိုယ်တော်မှော်ပညာလေ့လာလိုက်စားသူဖြစ်လင့်ကစား မှော်ပညာအကြောင်းအရာများနှင့်ပတ်သတ်သော အကြောင်းအရာများကို မျှဝေရတာ သဘောကျပါတယ်။ မှော်ပညာဆိုတာ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ သဘာဝတရားကြီးနဲ့ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲ မဟုတ်ပါလား။ တစ်ယောက်ယောက်ကများ စုန်းကဝေ၊ မှော်ပညာလိုက်စားသူ စတဲ့စကားလုံးတွေအကြောင်းကိုပြောလာမယ်ဆိုရင်လည်း ကျွန်တော့်အတွေးထဲမှာတော့ သဘာဝတရားကြီးနှင့် သဘာဝတရားကြီးနှင့်ဆက်နွယ်နေသော မမြင်နိုင်သောစွမ်းအင်များကို ပညာသားပါပါ ဆက်သွယ်နိုင်သော အနုပညာကို တတ်ကျွမ်းထားသူ သဘာဝတရားကြီးကို သဘာဝတရားစွမ်းအင် စိတ်စွမ်းအင်လမ်းကြောင်းများနဲ့ ကူးလူးဆက်နွယ်ကာ ငြိမ်းချမ်းစွာထိန်းချူပ်နိုင်သည့် ပညာရှင်လို့ပဲ မြင်မိမှာဖြစ်ပါတယ်။

စကြဝဠာများ၊ နတ်ဘုရားများကလည်း ကျွန်တော်တို့ စိတ်ခံစားချက်များပျော်ဝင်စီးမျောရာ အကောင်းဆုံးတိုင်ပင်ဖော်များ၊ လိုအပ်ချက်များလို့ပဲမြင်မိပါတယ်။ အဖွဲ့အစည်း (Coven) နဲ့မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း မှော်ပညာကိုလေ့လာလိုက်စားနေတယ်၊ လေ့လာလိုက်စားလိုတယ်ဆိုရင်တော့ ဒီစံနမူနာယူစရာ အချက်(၇)ချက်ကတော့ မဖြစ်မနေလိုအပ်မှာပဲဖြစ်ပါတယ်။ ဒါတွေကတော့ အောက်ပါအတိုင်းပင်ဖြစ်ပါတယ်။

စိတ်တည်ငြိမ်စေခြင်း - ပညာရှိအဆိုအမိန့်တွေ၊ သိပ္ပံသီအိုရီတွေ၊ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့စကားလုံးတွေ အတွေးတွေ စတာတွေအားလုံးဟာ စိတ်တည်ငြိမ်ခြင်းမှတစ်ဆင့်လာတာပဲဖြစ်ပါတယ်။ မိမိစိတ်တည်ငြိမ်စေဖို့အတွက် တရားထိုင်ခြင်းလုပ်ဆောင်ဖို့လိုအပ်သလို တရားထိုင်ခြင်းမလုပ်ချင်သူတွေကတော့ မိမိအဆင်ပြေသောနည်းနဲ့ မိမိစိတ်ထဲမှာ ဘာမှမရှိအောင်ရှင်းလင်းထားပြီး အနက်ရှိုင်းဆုံးထိရောက်အောင် စီးမျောစေနိုင်ဖို့ မိမိနှစ်သက်ရာနည်းများနှင့်လည်း လုပ်ဆောင်နိုင်ပါတယ်။

မြေထိုင်ခြင်း - မြေထိုင်ခြင်းဆိုတာကတော့ ကမ္ဘာမြေကြီးပေါ်သို့ ထိုင်ရင်း ကမ္ဘာမြေဟိုးအဆုံးအထိ သဘာဝတရာကြီးကို အနက်ရှိုင်းဆုံးခံစားကာ သဘာဝတရားကြီး၏ စွမ်းအင်ဓာတ်များကို ပြန်လည်ရယူခြင်းပင်ဖြစ်ပါတယ်။ မြေမထိုင်မီ အရင်ဆုံး မိမိပတ်ဝန်းကျင်သဘာဝတရားကြီး လှုပ်ရှားမှုကို မေတ္တာတရားအပြည့်ထည့်ကာ အချိုမြိန်ဆုံးအပြုံးနှင့် နှုတ်ဆက်ပြီးနောက်မှာ ပတ်ဝန်းကျင်လေကောင်းလေသန့်ကို နက်ရှိုင်းစွာရှူရှိုက်လိုက်ပြီး သဘာဝတရားကြီး၏ လှုပ်ရှားမှုများရဲ့ မိမိအပေါ်တုံ့ပြန်လာပုံကို သေချာအာရုံခံစားပြီးနောက် နှစ်သက်ရာ အပင်တစ်ပင်အောက်မှာ ခဏထိုင်လိုက်ကာ လေကောင်းလေသန့်ကို နက်ရှိုင်းစွာထပ်မံရှူရှိုက်ကာ သင့်ခန္ဓာမှ သစ်ပင်အမြစ်များထွက်လာကာ မြေအောက်လောက အနက်ရှိုင်းဆုံးသို့ ဆက်သွယ်လာနေသည်ဟု စိတ်ထဲမှာအာရုံပြုထားကာကမ္ဘာမြေကြီး၏ အဆီအနှစ်စွမ်းအင်များကို စုပ်ယူရပါမယ်။ နေ့စဉ်လုပ်ဆောင်ရင်း သင့်အာရုံခံစားနိုင်စွမ်းတွေပိုမို ပိုမိုကာ ကောင်းမွန်လာသောနေ့တွေမှာ သင့်ကို နတ်သူငယ်လေးတွေ မင်စာလေးတွေက လာရောက်နောက်ပြောင်တာမျိုးတွေကို စတင်ခံစားမိလာပါလိမ့်မယ်။ ဒါပေမယ့် နတ်သူငယ်တွေကိုတောင်ခံစားနိုင်ပြီဆိုတဲ့ သင့်သမာဓိက ဒီလိုနောက်ပြောင်မှုတွေကို စိတ်ဆိုးမိမှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။

စွမ်းအင်ထိန်းညှိခြင်း - မိမိ၏မကောင်းသောစွမ်းအင်များကို ဖယ်ရှားခြင်းနှင့် ချိန်ညှိခြင်းပြုလုပ်ရန်လိုအပ်ပါတယ်။ အရင်ဆုံး မိမိနှလုံးသားကိုရှင်းလင်းအောင်ထားကာ မျက်လုံးများ၊ ပါးစပ်များ၊ လည်ချောင်း၊ ငယ်ထိပ်ချက္ကရာမှကစ ချက္ကရာအားလုံးနှင့် ထိုမှတစ်ဆင့်နောက်ဆုံး ဆံစမှ ခြေဖျားအထိ တစ်ခုချင်းစီကို တည်ငြိမ်ရှင်းလင်းစွာအာရုံပြုရှင်း စွမ်းအင်ဖယ်ရှားခြင်းနှင့်ချိန်ညှိခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ အချို့ကတော့ ဒီလိုလုပ်ဖို့အတွက်ပဲ အိမ်မှာပင် ကိုယ်ပိုင်ဥယျာဉ်လေးလုပ်ကာ သစ်ပင်ပန်းမန်တွေစိုက်ပျိုးကာ နတ်သူငယ်တွေအတွက် ဥယျာဉ်လေးတွေဖန်တီးတတ်ကြပါတယ်။ နတ်သူငယ်တွေအတွက် ဥယျာဉ်ဖြစ်သလို သဘာဝတရားကြီးက စိတ်ကိုကြည်လည်စေတယ်လည်းမဟုတ်ပါလား။ စွမ်းအင်ထိန်းညှိခြင်းနဲ့သန့်စင်ခြင်းမှာ မိမိကိုယ်ကို အမြဲနေကောင်းနေအောင်လည်း စဉ်ဆက်မပြတ်ဂရုပြုနေရပါတယ်။ ကျန်းမာရေးတစ်ခုခုချို့ယွင်းတယ်ဆိုရင်လည်း ခေတ်ပေါ် ဓာတုဆေးဝါးတွေထက် တိုင်းရင်းဆေးများ၊ ပရဆေးများ၊ သဘာဝအပင်အဆီအနှစ် အခေါက်တွေကလာတဲ့ ဆေးများကိုသာသုံးဆောင်ကြပါတယ်။ ဒါအတွက်တော့ တိုင်းရင်းဆေးနဲ့ပတ်သတ်ပြီး လုံလောက်တဲ့ ဗဟုသုတပါရှိထားသင့်မယ်လို့ထင်မိပါတယ်။

သဘာဝတရားကိုစူးစမ်းခြင်း - နေ့စဉ်နေ့တိုင်း အချိန်တိုင်းမှာ သဘာဝတရား သင့်ပတ်ဝန်းကျင်က အမြဲမပြတ်ပြောင်းလဲနေတတ်ပါတယ်။ ဒီလိုပြောင်းလဲနေတာလေးတွေကို စူးစမ်းကြည့်ပါ။ သစ်ပင်ကို နေရောင်ထိုးကျတဲ့အချိန်နဲ့ဒီကရီ၊ ရာသီဥတု၊ အချိန်ခါပေါ်လိုက်တဲ့ ငှက်လေးတွေရဲ့တေးဆိုသံ၊ ခရစ်စတယ်လေးတွေရဲ့ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ပုံစံပြောင်းမှု၊ အပင်တွေရဲ့ လှုပ်ရှားမှု၊ ဝပ်တွားမှု စတဲ့ သဘာဝတရားနဲ့ပတ်သတ်တဲ့အရာအားလုံးကိုစူးစမ်းပါ။ သင့်ရဲ့ နက်ရှိုင်းတည်ငြိမ်နေတဲ့အတွေးတွေက သဘာဝတရားကြီးက သင့်ကိုပြောချင်တဲ့စကားတွေကို ဘာသာပြန်ပေးပါလိမ့်မယ်။

နိမိတ်ဖတ်ပစ္စည်းတွေနဲ့ဆွေးနွေးပါ - မှော်ပညာရှင်တိုင်းမှာ သူတို့ရဲ့အမြတ်တနိုးထားရတဲ့ တိုင်ပင်ပေါ်တိုင်ပင်ဖက်လေးတွေအဖြစ် ရှေ့ဖြစ်ဟောအသုံးအဆောင်လေးတွေ ဆောင်ထားတတ်ကြပါတ.်။ ရူးန် ကျောက်ခဲလေးများ၊ မှော်ဖန်လုံး၊ တားရော့၊ လက်ဖက်ခြောက်၊ မီးတောင်လှုပ်ရှားမှု စသဖြင့်မှော်ပညာရှင်တစ်ဦးနှင့်တစ်ဦး အကြိုက်မတူကြပါဘူး။ ဒီတော့ မိမိအခက်အခဲလေးတွေ မေးစရာလေးတွေကို ဒါလေးတွေနဲ့တိုင်ပင်ပါ။ ချင့်ချိန်ပြီး ယုံပါ။ စူးစမ်းပါ။ ဒီပစ္စည်းလေးတွေကို မိမိကိုယ်အင်္ဂါအစိတ်အပိုင်းကဲ့သို့မြတ်နိုးပါ။

မှော်ပစ္စည်းများနှင့်ချိတ်ဆက်အသုံးပြုပါ - သင့်ရဲ့ကိုးကွယ်မှု၊ သို့မဟုတ် သင့်ရဲ့ မှော်ပညာအပေါ်လေးစားသမှုကိုပြဖို့အတွက် (သင်မယုံကြည်သင့်တိုင်) သင်လုပ်နေတဲ့မှော်ပညာနဲ့သက်ဆိုင်တဲ့ နတ်ဘုရားစတာတွေကို ကိုယ်စားပြုတဲ့ ပစ္စည်းတွေနဲ့ အမြတ်တနိုးလေးစားသမှုပြဖို့ စားပွဲလေးတစ်ခုခင်းပြီး မှော်စားပွဲလေးတစ်ခုဖန်တီထားပါ။ နေရာကို အမြဲသန့်ရှင်းနေပါစေ။ ဖယောင်းတိုင်၊ အမွှေးတိုင်၊ နောက်ပြီး သင်အလိုရှိသောအရာကို ကိုယ်စားပြုသော အဆောင်ကျောက်လေးများ၊စတာတွေကို သေချာစွာခင်းကျင်းပြီး အစီအရင်ပြုလုပ်ခြင်း ဆုတောင်းခြင်းများကို အဲ့ဒီမှော်စားပွဲလေးရှေ့မှာသုံးပါ။ သင့်မှာ အခြားမှော်ပစ္စည်းတွေဖြစ်တဲ့ မှော်တံမြက်စည်း၊ မှော်နှင်တံ၊ မှော်ဆေးကျိုအိုး စတာတွေရှိတယ်ဆိုလည်း နေ့စဉ်သေချာ ဂရုတစိုက် သန့်ရှင်းစွာထားပါ။ မိမိပိုင်ပစ္စည်းကဲ့သို့ လေးစားသမှုပြုပါ။ မှော်စားပွဲကတော့ အနောက်တိုင်းမှော်ပညာရှင်တိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မှော်မှတ်တမ်းစာအုပ်ထားရှိပြီးနေ့စဉ်မှတ်တမ်းတင်ပါ - Book of Shadow လို့ခေါ်တဲ့ မှော်မှတ်တမ်းစာအုပ်တစ်အုပ်ထားပါ။ ဘယ်စာအုပ်မဆို ထားနိုင်ပြီး စာအုပ်အနက်ရောင်ဖြစ်ရင်ပိုကောင်းနိုင်ပါတယ်။ ဒီမှော်မှတ်တမ်းစာအုပ်မှာ မိမိရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ မှော်နဲ့ပတ်သတ်တဲ့အတွေ့အကြုံများကိုမှတ်တမ်းတင်ပါ။ မက်သောအိပ်မက်၊ ထူးဆန်းစွာပေါ်လာသော အတွေးများ ထိုအိပ်မက်အတွေးနှင့်ပတ်သတ်ပြီး ဖြစ်ပျက်သွားမှု၊ သင်ဖန်တီးသောမှော်အစီအရင်များနှင့်ရလဒ်များ၊ သင်ဆက်သွယ်မိသော နတ်ဘုရားများ၊ နတ်သူငယ်များ၊ မင်စာများ၊ ဒီမွန်များ၊ စသဖြင့် မှော်နှင့်ပတ်သတ်သောအတွေ့အကြုံများကိုနေ့စဉ်မှတ်တမ်းရေးပါ . .။

သင်ဟာအနောက်တိုင်းမှော်ပညာကိုလေ့လာလိုက်စားနေသူဆိုရင်တော့ ဒီ(၇)ချက်ကိုတော့ မလွဲမသွေလိုက်နာလုပ်ဆောင်ကြဖို့အကြံပြုချင်ပါတယ်။ မှော်ပညာများ စွမ်းအင်များဆိုတာ လူတိုင်းမှာ မွေးကတည်းကိုက အရိုးစွဲပြီး ပါလာခဲ့ပြီးသားပင်ဖြစ်ပါတယ်။ ဒီစွမ်းအင်တွေကို မိမိတစ်ကိုယ်တော်မှော်ပညာရှင်အဖြစ်ထုတ်ဖော်အသက်သွင်းမယ်ဆိုရင်တော့ ဒီ(၇)ချက်အတိုင်း မလွဲမသွေလိုက်နာပြီး မှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ စတင်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

ကာရှိုင်း (KCB Center)
(မနောမယဂျာနယ်တွင်ဖော်ပြပြီး)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top