Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အလင်းမဲ့ကျိန်စာ(Darkness Curse) - (၁)

ဟိုရှေးရှေးတုန်းက.......

အလင်းရောင်တွေမဲ့နေတဲ့ တိုင်းပြည်ကြီးတစ်ခုရှိသတဲ့။ အဲဒီတိုင်းပြည်ကြီးမှာ နေ့အလင်းရောင်သည်လည်း ညဘက်သာတဲ့ လမင်းအလင်းရောင်လောက်သာသာပဲ ရှိပါသတဲ့။ အမြဲတမ်းလိုလို တိုင်းပြည်ကြီးရဲ့ အရှင်သခင် ဘုရင်မင်းကြီး၏နန်းတော်ကြီးသည်လည်း အစဉ်အမြဲ ဖယောင်းတိုင်များဖြင့် နန်းတော်ကြီးတစ်ခုလုံးကို အလှဆင်ထားကြပါသတဲ့။ တိုင်းပြည်ကြီးသည်လည်း ရဲတိုက်ကြီး၏ထွန်းလင်းလာသော အလင်းရောင်ကိုသာ မှီခိုနေကြပြီး စီးပွားရေး လူမှုရေး အလုပ်အကိုင်များကို ဆောင်ရွက်ကြပါတယ်။ ထိုတိုင်းပြည်ကြီးရဲ့ မိုင်ငါးဆယ်မှာ ကြီးမားသော တောအုပ်ကြီးတစ်ခုရှိပါတယ်။ အဲဒီတောအုပ်ကြီးကို အလင်းမဲ့တိုင်းပြည်ကြီးက လူတွေက အလင်းတောကြီးလို့ နာမည်ပေးထားတယ်။ ဘာလို့လဲဆိုတော့ အဲဒီတောကြီးက အစဉ်အမြဲ အလင်းရောင်ဖြင့် ပြည့်နှက်နေခြင်းကြောင့်ပါပဲ။ ဒါပေမယ့် အလင်းတောကြီးမှာ လူတွေနေထိုင်လို့ မရပါဘူး။ သာမန်တောခွေသွားရင်တောင် သုံးနာရီထက် ပိုပြီးမနေနိုင်ပါဘူး။ သုံးနာရီထက်ပိုနေသူတွေအားလုံး မျက်လုံးနှစ်လုံး စုံလုံးကန်းသွားကြလို့ပါပဲ။


တိုင်းပြည်ကြီးသည်လည်း ရဲတိုက်ကြီးကို ဗဟိုထားပြီး မင်းမှုထမ်းများ သူဌေးများ သူကြွယ်များ ကုန်သည်များ သာမန်လူများ ဆိုပြီး ပတ်လည်ဝိုင်းထားကြပါတယ်။ ဘာလို့ ဒီလို တည်ဆောက်ထားကြသလဲဆိုတော့ ရဲတိုက်ကြီးအလင်းရောင်သည် မြို့အစွန်အဖျားကို မရောက်ပါဘူး။ ထိုအခါ ဖယောင်းတိုင် မီးတိုင်များသည် ထိုမြို့တွင် ကျန်သည့်အရာအားလုံးထက် ပိုမိုဈေးကြီးသောကြောင့် သာမန်လူများ နှင့် အလုပ်သမားများ ၀ယ်နိုင်ခြင်းမရှိသည့်အတွက် သူဌေးများကလည်း သူတို့၏စံအိမ်ကို မီးများထွန်းထားကြပါတယ်။ နန်းတော်ကြီးက မီးကို မြို့သူမြို့သားများက မြို့အလင်းရောင်ဟု ခေါ်ကြပြီး သူဌေးစံအိမ်က မီးကို ပတ္တမြားမီး ၊ သူကြွယ်အိမ်က မီးကို စိန်ကျွန်းမီး ၊ ကုန်သည်အိမ်မှ မီးကို အာရုံမီး လို့ ခေါ်ဆိုပြီး အလုပ်သမားများ နှင့် သာမန်အိမ်များက မီးထွန်းထားပါက အဲဒီမီးကို မီးခွက်မီးဟု ခေါ်ဆိုကြလေသည်။ မြို့ကြီး၏ကြွယ်ဝ ချမ်းသာမှုကို မီးများဖြင့် တိုင်းတာကြလေသည်။


မြို့လေး၏အစွန်တွင် အိမ်မည်းလေးတစ်ခုရှေ့တွင် ရှိသော ကွပ်ပျစ်တစ်ခုပေါ်တွင် လူငယ်များသည် ၀ိုင်းစုကာ ထိုင်နေကြသည်။ ကွပ်ပျစ်အနားတွင်လည်း ထိုင်ခုံများဖြင့် အသက်အကြီးဆုံး အဘိုးကြီးတစ်ယောက်က ထိုင်နေပြီး စကားပြောဖို့အတွက် တစ်ခုခုကို စဉ်းစားနေလေသည်။


" အဘိုး ကျွန်တော်တို့ တိုင်းပြည်မှာ ဘာကြောင့် မီးတိုင်များကို ထွန်းထားကြတာလဲဗျ။ အခြားတိုင်းပြည်မှာဆို နေရောင် လရောင်များက အရမ်းကို လင်းလက်လှပါဘိ အဘိုးရယ် ကျွန်တော်တို့ တိုင်းပြည်မှာ အဲဒီအလင်းရောင်က ဘာလို့ ထူးပြီး မလင်းလာရတာလဲ " အသားဖြူဖြူ ကောင်ချောလေးတစ်ယောက်ဖြစ်သော သော်တာမိုးက မေးလိုက်လေသည်။ ထိုစကားကို အနားတွင်ရှိသော ကောင်လေးတစ်သိုက်ကလည်း ၀ိုင်းဝန်းပြီး


" ဟုတ်တယ် အဘိုး ကျွန်တော်တို့ကို ပြောပြပေးပါ။ " ဆူညံစွာ တောင်းဆိုကြလေသည်။


ထိုစကားကို အဖြေပေးရန်အတွက် အဘိုးကြီးသည် အချိန်တော်တော်ကြာ စဉ်းစား၍ နေလေပြီးမှ


" တို့ တိုင်းပြည်ကြီးမှာ အလင်းရောင်တွေ ရှိခဲ့ပါတယ်။ နေ့ဘက်မှာ နေမင်းကြီး ထွန်းလင်းသာယာပြီး ညဘက်ဆိုရင် လမင်းကြီးရဲ့အလင်းရောင် ကြယ်ပွင့်ကလေးများရဲ့အလင်းရောင်များကလည်း အရမ်းကို လှပတာပေါ့ "


“ ဟင် ဒါဆိုရင် ဘာကြောင့် အဲဒီအလင်းရောင် မရှိတော့တာလဲ ” စိတ်ဝင်တစား နားထောင်နေတဲ့ နဖူးဝိုင်းဝိုင်း နှာခေါင်းသွယ်သွယ်လေးနဲ့ မီန်းမချောချောသော ကောင်လေး ရှင်းသက္က က မေးလိုက်ပြန်သည်။ ထိုအခါ အဘိုးကြီးက


“ အလင်းရောင်ပျောက်ဆုံးခဲ့တာ မဟုတ်ပါဘူး။ ကျိန်စာသင့်ခဲ့တာပါ။ အချစ်တစ်ခုကြောင့် တိုင်းပြည်ကြီးတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါကွယ်။ အဲဒီကျိန်စာရဲ့ နောက်ကွယ်မှာ ကြီးမားလှသော ချစ်ခြင်းမေတ္တာ နဲ့ ဆိုးရွားလှသော အမုန်းတရားတွေ ပါဝင်ကြတယ်။ ဒီလိုကွဲ့..”


အဘိုးကြီးပြောပြသော စကားလုံးများသည် အချို့အရာများသည် လေးနက်သည်စကားလုံးများ ရှုပ်ထွေးသည့်အသုံးအနှုန်းများ ပါဝင်သဖြင့် အများသူငှာ ဖတ်ရှုနိုင်ဖို့ ဇာတ်လမ်းတစ်ပုဒ် ၀တ္ထုတစ်ပုဒ်ဖြင့် ရေးသားမည် ဖြစ်ပါသည်။


အလင်းမဲ့တိုင်းပြည်ကြီးတွင် ရှိသော နန်းတော်ကြီးတွင် ဘုရင်ကြီးနှင့် မိဖုရားကြီးမှ သားတော်လေးပါး ဖွားမြင်ခဲ့သည်။

အလင်းမဲ့တိုင်းပြည်ကြီးတွင် ရှိသော နန်းတော်ကြီးတွင် ဘုရင်ကြီးနှင့် မိဖုရားကြီးမှ သားတော်လေးပါး ဖွားမြင်ခဲ့သည်။
ထိုသားတော်လေးပါးတွင် အငယ်ဆုံးမင်းသားလေးကို ဖွားမြင်စဉ်က မိဖုရားကြီးသည် အိမ်မက်တစ်ခုကို မြင်မက်ခဲ့လေသည်။ ထိုအိမ်မက်မှာ မိဖုရားကြီးအိပ်စက်ရာ သလွန်တော်ပေါ်တွင် အိပ်စက်နေစဉ် သလွန်ကြီးသည် ရွေ့လျားနေသဖြင့် ဘေးကိုစောင်းငဲ့ကြည့်လိုက်လေရာ သလွန်ကြီးသည် လွန်စွာလှပသော မြစ်ကြောင်းကြီးတစ်လျှောက်တွင် မျှောပါနေလေသည်။ မြစ်ရေပြင်ကြီးသည်လည်း အရောင်မျိုးစုံလင်းလက်နေပြီး မြစ်မျက်နှာပြင်မှ ငုံကြည့်လိုက်လျှင် မြစ်အောက်ကြမ်းပြင်အထိ ငါးများ ပုဇွန်များ ရေသတ္တ၀ါများအစ သွားလာနေသည်ကို တွေ့မြင်ရလေသည်။
သလွန်ကြီးပေါ်တွင်ရှိသော မိဖုရားကြီးသည်  တအံ့တသြဖြင့် အရာအားလုံးကို ငေးမောစွာ ကြည့်ရှုနေချိန်တွင် သလွန်ကြီးသည်
ရပ်တန့်သွားပီး သလွန်အောက်ခြေတွင် လှပထူးဆန်းလှသော ပန်းခင်းစင်္ကြန်လမ်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး
မိဖုရားကြီးသည်လည်း ခြေချ၍ ပန်းခင်းစင်္ကြန်လမ်းအတိုင်း လမ်းလျှောက်လို့ သွားခဲ့လေသည်။ လမ်းတစ်လျှောက်လုံးသည်လည်း အပြင်လောကတွင် မမြင်နိုင်သောသတ္တ၀ါများ
ပန်းပွင့်များသည်လည်း ပြည့်နှက်လျက်ရှိနေပေသည်။ လမ်းအဆုံးတွင် ကြီးမားလှသော ညောင်ပင်ကြီးတစ်ပင်ရှိလေသည်။ ထိုညောင်ပင်ကြီးသည် ရှေးဟောင်းဆန်သော အဆောက်အအုံကြီးတစ်ခုကို ရစ်ပတ်ပြီး အ၀င်ဝတံခါးသည်လည်း
သစ်နွယ်များဖြင့် အလှဆင်ထားလေသည်။ တံခါးကြီး၏အပေါ်တွင် ရှေးဟောင်းဆန်လှသော စကားလုံးများရေးသားထားသည်။

    

ထိုစကားလုံးကို မိဖုရားကြီးသည်လည်း မဖတ်တတ်ပေမယ့် နတ်ဘုရားတစ်ပါး၏နန်းတော်ဟု ထင်မြင်မိလေသည်။ သို့ပေမယ့် ၀င်ရနိုးနိုး မ၀င်ရနိုးနိုး ဖြစ်နေစဉ်
“ ရောက်နေပီမှတော့ ၀င်ခဲ့ပါအုန်းလေ...” ဟု တည်ငြိမ်ပြီး သြဇာအာဏာပါဝင်သော အသံတစ်သံ နတ်ဘုရားကျောင်းထဲမှ ထွက်ပေါ်လာလေသည်။ ထိုအခါ မိဖုရားကြီးသည်
အထဲကို ၀င်ရောက်သောအခါ အရောင်တွေတဖိတ်ဖိတ် တောက်နေသော ရွှေသားသလွန်တော်ပေါ်တွင် ထိုင်နေသော လွန်စွာချောမောလှပပြီး မျက်နှာသည်လည်း
ရဲဝံ့သောမျက်နှာဖြင့် သနားကြင်နာတတ်သော မျက်လုံးဖြင့် ကြည့်နေသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်လေသည်။
“ အလို ချောမောနုပျိုလှသော အသင်က ဘယ်သူများလဲ။ ကျွန်ုပ်ကို ဘာကြောင့်တွေ့ချင်လို့ ဒီကို ခေါ်လိုက်တာလဲ”
“ ကျုပ်က အသီးအပွင့်များရဲ့နတ်ဘုရား ဖရီရာပါ။ ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လူသားတွေကို စောင့်ရှောက်ပေးတဲ့ နတ်ဘုရားတစ်ပါးပါပဲ။ ကျုပ်က
နတ်ဘုရားတွေ မစောင့်ရှောက်ချင်တဲ့ လိင်တူခြင်းတပ်မက်ချစ်ခြင်းကို ယူဆောင်ပေးတဲ့ နတ်ဘုရားတစ်ပါးလည်း ဖြစ်ပြီး
ကျုပ်က ကျုပ်လို လိင်တူချစ်ခြင်းရှိတဲ့ လူတွေကို ကောင်းချီးမင်္ဂလာတွေ ပေးတယ်။ အလှအပတွေ စည်းစိမ်ဥစ္စာတွေနဲ့ အခြားချောမောလှတဲ့ ဖူးစာဘက်တွေကို
ဆောင်ကြဉ်းပေးပါတယ်။ မိဖုရားကြီးကို အခုလို တွေ့ချင်တာက လက်ဆောင်တစ်ခုပေးချင်ပါတယ်။ ” ဟုဆိုကာ လက်တစ်ဖက်မြှောက်လိုက်ရာ လက်ထဲမှ
ရွှေရောင်အငွေ့တန်းများသည် မိဖုရားကြီး၏ကိုယ်တစ်ခုလုံးကို ရစ်ပတ်သွားပြီး ပူလောင်သလို အေးစက်သလို ခံစားလိုက်ရသဖြင့်
အရာအားလုံး အမှောင်အတိကျသွားလေသည်။ မျက်နှာပြန်ဖွင့်လိုက်သောအခါ သလွန်၏ဘေးတွင် ဘုရင်ကြီးနှင့် မောင်းမတော်များကလည်း
စိုးရိမ်တစ်ကြီးနဲ့ ကြည့်နေကြသည်။
“ မိဖုရားကြီး ဘယ်လိုအကြောင်းအရာမျိုးတွေကို အိမ်မက်မြင်မက်တော်မူလို့ ကြောက်မက်စရာအသံဖြင့် အော်ဟစ်နေရတာတုန်း”
“ မောင်တော်ဘုရား အခု အရမ်းပင်ပန်းတော်မူလှသဖြင့် အိမ်မက်အား မနက်အာရုဏ်လင်းသည့်အခါ ပြောကြားပေးပါမယ်”
“ အဲဒီလိုဆိုတော့လည်း မိဖုရားကြီး ပြန်လည်အိပ်စက်လိုက်ပါအုန်း..”

မနက်ရောက်သောအခါ မိဖုရားကြီးသည် လွန်စွာထူးဆန်းလှသော အိမ်မက်အခြင်းအရာကို ပြောကြားလိုက်လေသည်။ ထိုအိမ်မက်ကို မင်းကြီး၏ပုရောဟိတ်များသည်
အောက်ပါအတိုင်း နိမိတ်ဖတ်ကြားလေသည်။
“ မိဖုရားကြီးတွင် သားတော်လေးတစ်ပါးဖွားမြင်မယ် ဖြစ်ပြီး အခြားတိုင်းပြည်မှာရှိတဲ့ မင်းသားလေးတစ်ပါးဖြင့် ချစ်ခင်စုံမက်မည် ဖြစ်ပါသည်။ မင်းသားလေး၏ဘုန်းကံကြောင့်
တိုင်းပြည်ကြီး၏အနောက်ဘက်ခြမ်းတွင် လွန်စွာလှပသော တောအုပ်ကြီးတစ်ခု ပေါ်ပေါက်မည် ဖြစ်ပြီး
မင်းသားလေးသည် ချစ်ဖွယ်သော မျက်နှာသည် လူသားအားလုံးက သနားကြင်နာလိမ့်မည်။” ဟု နိမိတ်ဖတ်လေသည်။ ထိုအခါ မင်းကြီးသည်
စိတ်မသာယာဖြစ်လာခဲ့ပြီး သားတော်အငယ်ဆုံးလေး မွေးဖွားအလာကို စောင့်ဆိုင်းနေရှာလေသည်။
ထိုအိမ်မက်ကို မြင်မက်ပြီး တစ်ပတ်အကြာတွင် မိဖုရားကြီးတွင် ပဋိသန္ဓေရှိဟန် အမူအရာပြလာခဲ့ပြီး
ကိုးလမြောက်တွင် မင်းသားချောလေးတစ်ပါးကို ဖွားမြင်ခဲ့လေသည်။ မင်းသားလေးဖွားမြင်နေစဉ်အတောအတွင်း နန်းတော်ဥယျာဉ်တွင် ထူးဆန်းလှသော
ရွှေရောင်ပန်းသီးသီးသော ရွှေပန်းသီးတစ်ပင် ပေါက်လာခဲ့လေသည်။ မြို့၏အနောက်ဘက်ခြမ်းတွင် အရောင်များဖြင့် တလက်လက်တောက်ပနေသော
တောအုပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။ ထိုအချိန်မှစပြီး မင်းသားလေးကို ရွှေရောင်မျက်နှာမင်းသားလေး နရဏီဟု အမည်ခင်ပွန်းတပ်လိုက်လေသည်။
နရဏီမင်းသားလေးသည် ထိုအချိန်မှစပြီး ထူးဆန်းသော ကံကြမ္မာများ စတင်လာခဲ့လေသည်။
 မင်းသားလေးနရဏီသည် မွေးကတည်းက မည်သည်ယောင်္ကျာလေးမှ အဆောင်ကို ၀င်ခွင့်ကို ဘုရင်ကြီးက ပိတ်ပြင်လိုက်သည်။ ထိုစိုးရိမ်မှုကြောင့်ပဲ မင်းသားလေးသည် ယောင်္ကျားတို့ တတ်ကျွမ်းအပ်သော ပညာရပ်များအစား အထိန်းတော်များ သင်ကြားပေးသော အကပညာရပ်များနှင့် နန်းတွင်းအပျိုသိုင်းကွက်များ ၊ အပ်ချုပ်မှုများ နှင့် အမျိုးသမီးများ၏နေထိုင်သွားလာမှုများကိုသာ နေ့စဉ်မြင်နေကြလာသောအခါ မင်းသားလေး၏စိတ်သည် တဖြည်းဖြည်းဖြင့် နူးညံသိမ့်မွေ့လာပြီး မင်းသမီးလေးတစ်ပါးအတိုင်းပင် ဖြစ်လာခဲ့သည်။ မင်းသားနရဏီ၏၀တ်စားဆင်ယင်မှုမှာလည်း အဖြူရောင် ၀တ်ရုံအရှည်ကို ၀တ်ဆင်ထားပြီး ဆံပင်အရှည်ကိုလည်း စီးထားသဖြင့် တော်တော်ကို ကြည့်ကောင်းသော မျက်နှာထားကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း နန်းတွင်းအပျိုဆောင်နှင့် နန်းတွင်းမှတစ်ပါး မည်သည့်နေရာမှ မရောက်ဘူးပေ။ အကိုသုံးယောက်ကလည်း ညီဖြစ်သူ နရဏီမင်းသားလေးအား အနီးကပ် ယောင်္ကျားတို့တက်အပ်သော ပညာရပ်များကိုလည်း သင်ကြားပေးခွင့် မရတော့ အသက်နည်းနည်းကြီးလာသောအခါ မင်းသားလေး၏စိတ်သည် မိန်းကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်တည်လာခဲ့သည်။ မင်းသားလေးကို မြင်သည့်လူတိုင်းသည်ပင် အရမ်းကိုချစ်ဖို့ကောင်းသော မင်းသားချောလေးအသွင် မြင်ယောင်လာခဲ့ပြီး အသက်ဆယ်နှစ်ပြည့်တွင် ဘုရင်ကြီးက မင်းသားလေးကို ယောကျာင်္းလေးတို့ တက်ကျွမ်းအပ်သော အဋ္ဌာရဿ(၁၈)ကို သင်ပေးဖို့အတွက် တွေးတောမိလေသည်။ သို့သော်လည်း မင်းသားလေးကို ဘုရင်ကြီးကြည့်ရှုသည့်အခါ လူမှားလောက်အောင်ပင် အလွန်ပင် ချောမောလှပသော မင်းသမီးလေးတစ်ပါးအသွင် မြင်လိုက်ရသောအခါ ဘုရင်ကြီး မူးမေ့မတတ်ဖြစ်ခဲ့ရသည်။ သို့သော်လည်း မင်းသားလေးသည် ထိုပညာရပ်များကို မသင်ကြားဘဲ တက်ကျွမ်းခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဖရီရာနတ်ဘုရား၏သွေးများလည်း သူထံတွင် ပါဝင်လာခြင်းကြောင့် အချို့ပညာရပ်များကို မကျင့်ကြံဘဲ အလိုလိုတတ်ကျွမ်းပြီး အပျိုတော်များ သင်ကြားပေးသော ပညာရပ်များဖြင့် မင်းသားလေးသည် တော်တော်ပညာရပ်များကို တက်ကျွမ်းနေပြီ ဖြစ်သည်။ မင်းသားလေးမွေးဖွားစဉ်က အတူပေါက်ခဲ့သည့် ရွှေပန်းသီးပင်သည် မင်းသားလေးဆယ်နှစ်မြောက် မွေးနေ့တွင် ဒုတိယအသီးကို စတင်သီးလေသည်။ တစ်ပင်လုံးမှ ခြောက်လုံးသီးပြီး အစောင့်အရှောက်များစွာ ချထားလေသည်။ ပထမအသီးခြောက်လုံး စတင်သီးချိန်တွင် ဘုရင်ကြီးနှင့် မူးကြီးမတ်ရာများသည် ပန်းသီးကြည့်ပွဲကို ကျင်းပကြလေသည်။ အသီးမှည့်ချိန်ရောက်ချိန်သည် လပြည့်နေ့အချိန်ဖြစ်ပြီး နန်းတွင်းတွင် ကြီးပွားလှသော လေပွေကြီးတစ်ချက်တိုက်ခတ်ပြီးချိန်တွင် ရွှေပန်းသီးပင်တွင် သီးနေသော အသီးတစ်လုံးမရှိချေ။ ဒီလိုနဲ့ လပြည့်နေ့မှ စတင်ပြီး လေပွေများကြားရပြီး ခြောက်ရက်မြောက်နေ့ရောက်သောအခါ ရွှေပန်းသီးပင်တွင်
 ရွှေပန်းသီးတစ်လုံးပဲ ရှိတော့သည်။ ရွှေပန်းသီးသည်လည်း အရသာချိုမွှေးပြီး
အလွန်စားကောင်းသော အသီးဖြစ်လေသည်။ ဒီကနေ့သည် မင်းသားလေး၏ဆယ်နှစ်မြောက် မွေးနေ့အချိန်ဖြစ်ပြီး လပြည့်အချိန်လည်းဖြစ်လေသည်။ ရွှေပန်းသီးပင်၏ဒုတိယမြောက် ပန်းသီးသီးချိန်လည်း ဖြစ်သည်။
“ မင်းသားလေး ကျန်းမာပါစေ။ သက်တော်ရာကျော်ရှည်ပါစေ” ဟုသော အသံများလည်း ညီလာခံခန်းမအတွင်းတွင် ဆူညံနေလေည်။ မင်းသားလေး၏ပုံစံသည်လည်း အရမ်းကို ပျော်ရွှင်နေသည်။ ထိုအချိန်တွင် လေပြင်းကျသော အသံကြီးတစ်ချက်ကြားပြီး ပန်းဥယျာဉ်အတွင်းမှ အော်သံကြားလိုက်လေသည်။

“ ဘုရင်မင်းကြီး ဘုရင်မင်းကြီး ရွှေပန်းသီးတစ်လုံး ပျောက်ဆုံးသွားပါပြီ။ ရွှေပန်းသီးပင်ပေါ်တွင် ရွှေပန်းသီးငါးလုံးသာ ကျန်ပါတော့တယ်။ ”

ထိုအချိန်တွင် ဘုရင်မင်းကြီးသည် သားတော်သုံးပါးအား တစ်ယောက်တစ်ညစီ ရွှေပန်းသီးအပင်အနားတွင် ရွှေပန်းသီးအပင်အား စောင့်ရှောက်ရန်စေခိုင်းလိုက်လေသည်။ မင်းသားလေးနရဏီကိုလည်း တိုက်ခိုက်ရေးပညာသင်ကြားရန် နန်းတွင်းပွဲကျောင်းပညာကျောင်းကို ပို့ဆောင်ရန် အမတ်ကြီးနန္ဒသီဟကို စေခိုင်းလိုက်လေသည်။ အမတ်ကြီးနန္ဒသီဟလည်း မင်းသားလေးကို ခေါ်ဆောင်ပြီး ကျောင်းသို့ခေါ်ဆောင်သွားလေသည်။
“ အမတ်ကြီး တိုက်ခိုက်ရေးပညာဆိုတာ သင်စရာလိုလို့လားဗျ”
“ မင်းသားလေးရဲ့ မင်းသားလေးက တိုင်းပြည်ရဲ့မင်းသားတစ်ပါးဆိုတော့ တိုက်ခိုက်ရေးပညာမတက်ကျွမ်းလို့ မဖြစ်ဘူးလေ..”
“ ဒါနဲ့ အမတ်ကြီး ပွဲကျောင်းဆိုတာကရော ဘယ်လိုလဲဗျ။ ကျွန်တော်တို့ အပျိုတွေကတဲ့ အပျိုကလိုပဲလား အမတ်ကြီး ”
ထိုအခါ အမတ်ကြီးသည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ရယ်မောလိုက်ပြီး
“ မင်းသားလေး နားလည်အောင် ရှင်းပြပေးမယ်။ ပွဲကျောင်းဆိုတာ အေဒီ ၅ ရာစုလောက်က စတင်ပေါ်ပေါက်ခဲ့တာ။ ဒီပညာက ရသေ့တွေ တောထဲတွင် တရားထိုင်သည့်အခါ အညောင်းအညာ ပြေစေရန်အတွက် သော်လည်းကောင်း၊ ခိုးသားဒမြတို့၏  ရန်ကို ရှောင်နိုင်ရန် အတွက်လည်းကောင်း ထီထွင်လိုက်သော ပညာဖြစ်တယ်ကွဲ့ မင်းသားလေးရဲ့....။
အစကတော့ ဂါမ၀ါသီပွဲကျောင်းလို့ ခေါ်ကြတယ်။ နောက်ပိုင်းတော့ ဂါမ၀ါသီဆိုတာ ကျန်ခဲ့ပြီး ပွဲကျောင်းလို့ပဲ ခေါ်ဖြစ်ကြတော့တယ်။ ပွဲကျောင်းရဲ့အဓိပ္ပာယ်ကတော့ ပွဲဆိုတာ စည်ကားသော ၊
ကျောင်းဆိုသည်မှာ အတတ်ပညာတွေကို သင်ပေးရာနေရာလို့ အဓိပ္ပာယ်ရတယ် မင်းသားလေးရဲ့..။ ”
အမတ်ကြီးသည် ပွဲကျောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် ရှင်းပြပြောဆိုနေလေသည်။ မင်းသားလေးလည်း ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ မည်သည့်စကားမှ မဆိုဘဲ လမ်းတစ်လျှောက်နားထောင်လာလေသည်။
“ ပွဲကျောင်းဆိုတာ အတတ်ပညာများကို သင်ကြားပေးရာ စည်ကားသော်နေရာလို့ အဓိပ္ပာယ်ရသတဲ့။ ဂါမ၀ါသီဆိုတာ ရပ်ရွာလို့ ခေါ်တယ်။ နန်းတွင်းမဟုတ်ဘဲ အခြားမှာဆို အရည၀ါသီပွဲကျောင်းလို့ ခေါ်ဆိုတယ်။ အရည၀ါသီဆိုတာ တောအရပ်လို့ အဓိပ္ပာယ်ရတယ်။ ဒါပေမယ့် နန်းတွင်းမှာတော့ ဂါမ၀ါသီရော အရည၀ါသီရော နှစ်မျိုးစလုံး သင်ရလိမ့်မယ်။
နာမည်လည်း ကွာသလို သင်ကြားပေးတဲ့ ပညာရပ်လည်း ကွာခြားတယ်။ ဂါမ၀ါသီမှာ အင်း ၊ ယတြာ အဆောင် စုန်းအတတ်နဲ့ သက်ဆိုင်တဲ့ လောကီပညာရပ်တွေ ၊ ဆေးပညာတွေ ၊ ကိုယ်ခံပညာမှာတောင် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုဖြင့် အနိုင်ယူနိုင်အောင် လေ့ကျင့်ပေးရတယ်။ ”
ထိုအခါ ငြိမ်နေသော မင်းသားလေးသည် စကားဟလာလေတော့သည်။
“ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုတာ ဘာလဲဟင်။ ကျွန်တော်မသိဘူး အမတ်ကြီး ”
“ အော် ဟုတ်သားပဲ။ မင်းသားလေးကို ရှင်းဖို့ မေ့သွားလို့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုတာ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် သန်မာအောင် အထိုးခံနိုင်အောင် ကျင့်စဉ်တွေကို
လေ့ကျင့်ခြင်းပဲ ဖြစ်တယ်။ ဆက်ပြောမယ်နော်။ နောက်ပြီး အဋ္ဌရဿ(၁၈)ရပ်လည်း သင်ကြားပေးတယ်။ အရည၀ါသီအောက်မှာ တောကို အခြေခံတဲ့ ပညာရပ်တွေကို သင်ကြားပေးတယ်။ တောကိုအခြေခံတဲ့
ပညာဆိုတာ နက္ခဗေဒင်ပညာ၊ နက္ခတ်အမြင်၊ တောထဲတွင်ရှိသည့် သစ်မြစ်၊ သစ်ဥတို့ဖြင့် ရောဂါများကိုကုသသည့် ဆေးပညာများ တော၏ ပရိယာယ်၊ တော၏မာယာတို့ အကြောင်း၊ သစ်ပင်တို့အကြောင်း၊ သစ်ပင်တက်နည်း၊ သစ်ပင်တွင်လင့်စင်ထိုးနည်း၊ ထောင်ချောက်ဆင်နည်းတို့ကို ဆိုလိုတာပဲ ဖြစ်တယ်။ ဒါမှသာ အရေးတကြီး တောထဲကို ခရီးနှင်တဲ့အခါ အသုံးဝင်တာပေါ့ကွယ်။ မင်းသားဆိုတာ အမြဲတမ်းလည်း
နန်းတွင်းမှာ နေရမှာ မဟုတ်ဘူးလေ။ ကိုယ်ခံပညာမှာလည်း
ရုပ်ပိုင်းဆိုင်ရာထက် ရန်သူ၏ အားသာချက်၊ အားနည်းချက် အလေ့အကျင့်တို့ကို သိအောင်သင်ကြားပေးတယ်။ ဥာဏ်နဲ့ အနိုင်ယူနိုင်အောင် သင်ကြားပေးခြင်း ဖြစ်တယ်။ ”
ပြောဆိုနေရင်းနဲ့ ပွဲကျောင်းရှေ့ကို ရောက်လာခဲ့လေသည်။
(မှတ်ချက်။               ။ ပွဲကျောင်းနှင့်ပတ်သက်သော ဗဟုသုတများသည် လွန်စွာရှည်လျားပါသဖြင့် အတိုချုပ်ကာ ဗဟုသုတအနေဖြင့် ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ သိရှိလိုပါက မက်ဆေပို့ပြီး မေးမြန်းနိုင်ပါသည်။)

သို့သော်လည်း ပွဲကျောင်းဆရာကြီးဖြစ်သူ ဆရာကြီးသူရိယ၏စိတ်ထဲကို နတ်ဘုရား ဖရီရာဝင်ရောက် ပူးကပ်ပြီး
“ မင်းသားလေးကို သင်စရာမလိုတော့ပါ ။ မင်းသားလေးရဲ့ ပုံစံသည် ကျွန်တော်တို့ တိုက်ခိုက်ရေးပညာအလိုအရ တက်ကျွမ်းပြီးအဆင့်အနေအထား ရှိနေပြီးတော့
မင်းသားလေးရဲ့ ရှေးဘ၀ဘုန်းကံများကြောင့်လည်း ထိုပညာရပ်များသည် မင်းသားလေးရဲ့ကိုယ်ခန္ဓာထဲမှာ အလိုလို ရိုက်သွင်းပြီးသား ဖြစ်နေပါတယ်။ ”
ထိုအခါ အမတ်ကြီးက
“ ဆရာကြီး သေချာလို့လား မင်းသားလေးက အခုမှ ဆယ်နှစ်သားပဲ ရှိသေးတာ။ အကုန်တက်နေပြီဆိုတာ ဖြစ်နိုင်ပါ့မလား”
“ ကျုပ်က မသေချာပဲ မပြောပါဘူး။ အမတ်ကြီး ကျုပ်ပြောရင် နန်းတွင်းနိမိတ်ဖတ်ပုရောဟိတ်ကို မမှီရင်ရှိမယ်။ နိမ့်မယ်မထင်ဘူး။ မင်းသားလေးကို နန်းဆောင်မှာပဲ ထားလိုက်ပါအုန်း။
အချိန်တန်ရင် ပညာရပ်တွေအကုန်လုံးကို တဖြည်းဖြည်းတက်ကျွမ်းလာလိမ့်မယ်။ လူဆိုတာ သူ့ဘုန်းနဲ့သူလာတာပါ။ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ဘုန်းကံနဲ့ မွေးဖွားလာကြတာပါ...။”
ဟု ဆရာကြီးသည် အမတ်ကြီးအား ပြန်ပြောလိုက်သောအခါ အမတ်ကြီးလည်း ပြုံးရွှင်သော မျက်နှာထားဖြင့် မင်းသားလေးကို ခေါ်ဆောင်ကာ နန်းဆောင်သို့ ပို့ပေးလိုက်လေတော့သည်။ 

မိုးကြယ်စင်
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top