ပုံပြင်(၁)
တစ်ခါက သူခိုးတစ်ယောက်ဟာ
သူ့တစ်ပါးပစ္စည်းဆို တန်ဖိုးမရှိတာက အစလိုက်ပြီးခိုးနေခဲ့ပါသတဲ့။
နောက်ပိုင်းမှာ သူဟာ သူ့ရဲ့ ခိုးမှုတွေအပေါ်မှာ သံသယဖြစ်လာပြီးနောက်ပိုင်းမှာ
သူဟာ သူ့ရဲ့ခိုးမှုအလုပ်ကို စွန့်လွတ်ပြီး သမာအာဇီဝကျတဲ့ အလုပ်ကိုပဲ
လုပ်တော့မယ်လို့ စိတ်ကူးခဲ့ပါတယ်။
နောက်ပိုင်းမှာ သူဟာ
သူခိုးအလုပ်ကို စွန့်ပြီး သမာအာဇီဝ ကျမယ်ထင်တဲ့ အလုပ်တစ်ခုကို
ရွေးချယ်လုပ်လိုက်ပါတော့တယ်။ သူလုပ်တဲ့ အလုပ်ကတော့ တံငါသည်အလုပ်တဲ့။
သေလုမျောပါးငါးလေးတွေက သူ့ရဲ့ ကွန်ထဲမှာ ဖျတ်ဖျတ်လူးလျက် . . . .။
ပုံပြင်(၂)
အိမ်တစ်အိမ်မှာ
ကလေးငယ်လေးတစ်ယောက်ဟာဘုရားစင်ရှေ့မှာ ဘုရားရှိခိုးနေပါသတဲ့။
ဘုရားစင်ရှေ့မှာတော့ ထန်လျက်ခဲတစ်လုံးနဲ့၊ ထမင်းပုံလေးတစ်ပုံ
ဆွမ်းတော်တင်ထားသည်။
ကလေးငယ်ရဲ့ ဘုရားရှိခိုးသံက ကျယ်လောင်စွာထွက်ပေါ်နေသည်။
"သူရာမေရယ ဝေဒါမဏိသိက္ခာပဒံ
သမာဒိယာမိ" (ဘုရားမနှစ်သက်သော အပြုအမူဖြစ်သည့် မူးယစ်တတ်သော
အရာသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ၏ ။ )
ဘေးအိမ်တွင်တော့
နတ်ကနားပွဲကျင်းပနေသည်။ နတ်ကနားပွဲတွင်တော့ ကြက်ကြော်များ စသည့်
ဖွယ်ဖွယ်ရာရာများကို နတ်စာတင်ထား၏ ။ ဖွင့်ထားသော သီချင်းကား -
"မူးလည်းမူးတယ် .၊ ထူးလည်းထူးတယ်၊ တို့ကိုကြီးကျော် . ."
ပုံပြင်(၃)
တော်သလင်းလဖြစ်သဖြင့်
ခွေးများမိတ်လိုက်နေကြသည်။ ခွေးများသည် သူတို့မျိုးဆက်ပြန့်ပွားရေားအတွက်သာ
တော်သလင်းလတစ်လတည်းတွင်သာ မိတ်လိုက်ကြသည်။
လူသားတို့သည်ကား . . . .။
ပုံပြင်(၄)
ဈေးတစ်ခုတွင်ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်ပုံများ၊ ခရစ်ယာန်တို့အထွတ်အမြတ်ထားရာ
လက်ဝါးကပ်တိုင်ပုံများ၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အလ္လာရှင်မြတ်၏
ဆုံးမစာတမ်းများကို မြေကြီးပေါ်တွင် ချ၍ရောင်းချနေကြသည်။
လူအများက ထိုနေရာမှ
ဖြတ်သန်းသွားလာနေကြရာ လူတို့၏ခြေမှထွက်သော ခြေမှုန့်များ၊ ဖုန်ထ၍ထွက်လာသော
အောက်မှ မြေမှုန်များက ထိုအရာများပေါ်သို့ . . . .။
ပုံပြင်(၅)
မြန်မာနိုင်ငံတော် . . . ။
ကျောင်းတစ်ခုရှိ ခုံရှည်တစ်ခုတွင်
ကလေးနှစ်ယောက်ထိုင်နေကြသည်။ ကလေးတစ်ယောက်မှာ သံလိုက်အကြောင်းကို
ကျယ်လောင်စွာ စာအော်ကျက်နေလေသည်။
နောက်တစ်ယောက်မှာ စာအုပ်ကိုကြည့်ကာ သူ့တွင်ပါလာသော သံလိုက်တုံးလေးနှင့် ဆော့ကစားကြည့်နေလေသည်။
စာမေးပွဲဖြေသောအခါ ဆော့နေသော
သံလိုက်တုံးလေးနှင့် စမ်းသပ်နေသော ကျောင်းသားမှာ စာမေးပွဲကျသွားပြီး
ကျက်နေသောကျောင်းသားမှာ သံလိုက်ဆိုတာ ဘာမှန်းကို မသိဘဲ
စာမေးပွဲအောင်သွားလေသည်။
အခြားနိုင်ငံ . . . .။
ကျောင်းတစ်ခုရှိခုံတန်းတစ်ခုတွင် ကလေးနှစ်ယောက်ထိုင်ကာ အထက်ပါအတိုင်းပြုလုပ်နေကြသည်။.
တကယ်စာမေးပွဲဖြေသောအခါ
စာကျက်နေသော ကလေးမှာ စာမေးပွဲကို အောင်ရုံသာအောင်ပြီး သံလိုက်လေးနှင့်
စာအုပ်ထဲကအတိုင်း စမ်းသပ်ကြည့်နေသော ကလေးမှာ စာမေးပွဲမှာ
ထူးထူးချွန်ချွန်နှင့်အောင်မြင်သွားခဲ့လေသည်။
ကျွန်တော်
တွေ့ခဲ့သမျှအကြောင်းအရာအချို့ကို ပုံပြင်အနေနဲ့
ရေးသားပေးခဲ့ခြင်းပဲဖြစ်ပါတယ်ဗျာ . . .။ သူငယ်ချင်းများအားလုံးလဲ
ဒီပုံပြင်လေးတွေဖတ်ပြီးတော့ သင်ခန်းစာလေးတွေ
မိမိဘာသာသိရှိနိုင်လိမ့်မယ်လို့မျော်လင့်ပါတယ်ဗျာ . . .။
နောက်ထပ်ပုံပြင်လေးတွေ လုပ်ကြည့်လို့ရသေးရင် ဆက်လက်ဖော်ပြပေးပါဦးမယ်ဗျာ . .
.။
အားလုံး အသိဥာဏ်ပညာကြွယ်ဝနိုင်ကြပါစေဗျာ . . .
ကြယ်စင်ချစ်သ
Post a Comment