(ယခုစာအုပ်သည် ဟယ်ရီပေါ်တာရုပ်ရှင်ထဲမှ ဟော့ဝပ်မှော်ကျောင်းတော်တွင်
သင်ရိုးအဖြစ်အသုံးပြုသော ကျောင်းစာအုပ်တစ်အုပ်ဖြစ်ပြီး
လက်ရှိရိုက်ကူးလျက်ရှိသော ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရုပ်ရှင်မှာ
ဤစာအုပ်ထဲမှအချက်အလက်များစွာကို မှီတည်ထားပါသည်။)
"Muggle(သာမန်လူ)တို့ ဒီသတ္တဝါများကိုတွေ့မိကြောင်းသမိုင်းအထောက်အထားများ"
ကျွန်တော်တို့တတွေဟဟာ ဖုံးကွယ်မိအောင်ကြိုးစားကြပေမယ့် အံ့သြရတာကတော့ Muggle တွေဟာ ဒီမှော်ဝင်သတ္တဝါတွေကို သတိထားမိကြတယ်။ Muggle တွေရဲ့အလယ်ခေတ်က စာပေ၊ အနုပညာတွေနဲ့ တစ်ချက်လောက်ကြည့်လိုက်ရရင်ကိုပဲ ဒီသတ္တဝါတွေအကြောင်းကို ဖော်ပြချက်တွေတွေ့ ရတယ်။ နဂါးတွေ၊ Griffin၊ Unicorn၊ Phoenix၊ Centaur အစရှိတဲ့သတ္တဝါတွေဟာ Muggle တွေရဲ့ စာပေ တွေမှာတွေ့ရနိုင်တယ်။
ဒါပေမယ့်လည်း Muggle တိရိစ္ဆာန်ကျွမ်းကျင်ပညာရှင်တွေ နီးနီးကပ်ကပ်လေ့လာ တဲ့အခါ ဒီသတ္တဝါတွေဟာ Muggle တွေရဲ့ အာရုံမှာ လွတ်သွားသလို တစ်ခုခုနဲ့မှားပြီး ယူဆမိတာလို့ပဲ ဖော်ပြလေ့ရှိတယ်။ ဝေါစတပ်တာရှိုင်းယားနယ်က ပြင်သစ်ဘုန်းတော်ကြီး Brother Benedict ရဲ့ ဖော်ပြချက်တစ်ချို့ကိုလေ့လာကြည့်ပါဦး။
ဒီအထောက်အထားကိုကြည့်ပြီးတော့ ကျွန်ုပ်တို့ရဲ့ Muggleမိတ်ဆွေတွေ့ခဲ့တာ ဟာ မြွေပါကတိုးဖြူမဟုတ်ဘဲ အစာရှာနေတဲ့ Jarvey တစ်ကောင်ဖြစ်တယ်ဆိုတာပြောနိုင်ပါတယ်။
အလုံးစုံမသိနားမလည်တာဟာ တစ်ခါတလေမှာ လျစ်လျူရှုတာထက်ကို အန္တရာယ်ကြီးတယ်။ Muggle တွေရဲ့ မှော်ပညာအပေါ်ကြောက်ရွံ့မှုကြောင့် သူတို့ရဲ့ဥယျာဉ်တွေထဲမှာ ဘာအကောင်တွေ ရှိနေနိုင်ပါ့မလဲဆိုတဲ့ စိုးရိမ်မှုတွေကို ပိုပြီးတိုးမြင့်သွားစေတယ်။ Muggle တို့ဟာ မှော်ပညာရှင်တွေကို ဖမ်းဆီးနှိပ်စက်ခြင်းဟာ ထိုအချိန်တုန်းက အမြင့်ဆုံးကိုရောက်ရှိခဲ့တယ်။ နဂါးတွေ Hippo-Griff တွေကို တွေ့ရမြင်ရခြင်းဟာလည်း Muggle တွေရဲ့ စိတ်ခြောက်ချားမှုတွေကို ပိုစေခဲ့တယ်။
ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်ဟာ မှော်ပညာရှင်တွေကို ပုန်းလျှိုးကွယ်လျှိုးနေရအောင် လုပ်ခဲ့တဲ့ အချိန်တွေကို ဆွေးနွေးဖို့မဟုတ်ပါဘူး။ Muggle တွေဟာ မှော်ပညာဆိုတဲ့အရာ လုံးဝမရှိဘူးလို့ မှတ်ထင်လာတဲ့အခါမှာ ဒီသတ္တဝါတွေကို ထိန်ချန်ပစ်ဖို့သာ ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာ မှော်ပညာရှင်များ အစည်းအရုံးကြီးဟာ ၁၆၉၂ခုနှစ် ထိပ်သီးညီလာခံကြီးတစ်ခုမှာ အကြောင်းအရာတစ်ခုအပေါ် အငြင်းပွားမှု ဖြစ်ပွားခဲ့တယ်။ မှော်ဝင်သတ္တဝါ များဆိုင်ရာ ခက်ခဲသောမေးခွန်းများစွာကို ငြင်းခုန်မှုတွေနဲ့အတူ ရက်သတ္တပတ်(၇)ပတ်ထက် မနည်းဆွေးနွေးခဲ့ကြတယ်။
"Muggle တွေသတိမထားမိအောင် မျိုးစိတ်ပေါင်းဘယ်လောက်ကို ကွယ်ဝှက်ရမလဲ။ အဲ့မျိုးစိတ်တွေကရော ဘာတွေဖြစ်သင့်သလဲ။ ဘယ်လိုနည်းလမ်းနဲ့ ဘယ်နေရာတွေမှာ ကွယ်ဝှက်ကြမလဲ.."
အငြင်းပွားမှုဟာ ဆက်လက်ပြီး အရှိန်မြင့်လာခဲ့တယ်။ တစ်ချို့သော သတ္တဝါတွေကတော့ အငြင်းပွားစရာမလိုအောင် ဖုံးကွယ်လို့သင့်တယ်ဆိုပေမယ့် အချို့သောသတ္တဝါတွေအတွက်ကတော့ အငြင်းပွားဖွယ်ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ သူတို့သဘောတူညီမှုကို ရရှိခဲ့တယ်။ အရွယ်အားဖြင့် နဂါးတွေကနေ Bundimum အကောင်တွေထိ မျိုးစိတ်ပေါင်း (၂၇)မျိုးကို Muggle တွေရဲ့အမြင်ကနေ ပုံပြောင်းနည်းဖြင့် ကွယ်ဖျောက်ဖို့ သဘောတူခဲ့ကြတယ်။ နောက်ပိုင်းရာစုနှစ်တွေမှာ ဖုံးကွယ်ရမယ့် မျိုးစိတ်ပမာဏဟာ တဖြည်းဖြည်းများလာခဲ့တယ်။ မှော်ပညာရှင်တွေကလည်း ဖုံးကွယ်ဖို့နည်းလမ်းတွေမှာ ပိုမိုကောင်းမွန် လာခဲ့တယ်။
၁၇၅၀ ခုနှစ်မှာ ကမ္ဘာ့မှော်ဝန်ကြီးဌာနအသီးသီးက ယခုအချိန်ထိ လက်ခံကျင့်သုံးနေ တဲ့ ပုဒ်မ(၇၃)ကို အပြည်ပြည်ဆိုင်ရာလျှို့ဝှက်ရေးမှော်တရားဥပဒေမှာ ထည့်သွင်းခဲ့တယ်။
"မှော်အစိုးရအဖွဲ့အစည်းတိုင်းသည် ၄င်းတို့၏နယ်နိမိတ်အတွင်းမှာ ရှင်သန်နေထိုင် ကြသော Beast, Being, Spirit အားလုံးတို့အား ဖုံးကွယ်ခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို တာဝန်ယူရမည်။ ထိုသို့သောသတ္တဝါများမှ Muggle လူထု၏ သတိထားမိမှုကို ဖြစ်စေခြင်း သို့မဟုတ် ၄င်းတို့အပေါ်တွင် အန္တရာယ်တစ်စုံတစ်ရာကျရောက်ခဲ့လျှင်မူကား ထိုတိုင်းပြည်၏မှော်အစိုးရ အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ မှော်ပညာရှင်များအစည်းအရုံး၏ တရားစီရင်ခြင်းကို ခံရမည်ဖြစ်သည်။
"ပုန်းကွယ်နေသောမှော်ဝင်သားရဲ (Beast)များ"
ပုဒ်မ(၇၃)ကို ပထမဆုံးစတင်အဆိုသွင်းကတည်းက မကြာခဏဆိုသလို ချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ ဗြိတိသျှစာပေဟောင်းများကို ဖတ်ဖူးသူတွေဟာ ၁၉၃၂ခုနှစ်၏ အယ်လ်ဖရာကွန်ဘီဖြစ်ရပ်ကို မှတ်မိပါလိမ့်ဦးမယ်။ ဝေလအနွယ်အစိမ်းရောင်နဂါးတစ်ကောင်ဟာ လူအုပ်လိုက်ရှိတဲ့ နေပူဆာလှုံနေတဲ့ ကမ်းခြေကိုဝဲပျံသွားခဲ့တယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို တာဝန်သိတတ်တဲ့ အားလပ်ရက်မှာ အနားယူနေတဲ့ မှော်ပညာရှင်မိသားစုတစ်ချို့ဟာ သတ္တိရှိတဲ့လုပ်ရပ်ကို လုပ်ခဲ့ကြတယ်။ (နောက်ပိုင်းမှာ သူတို့ကို မာလင်ပထမအဆင့် (နိုဘယ်လ်ဆုကဲ့သို့ဆုတစ်မျိုး)ကို ချီးမြင့်ခဲ့တယ်။) သူတို့ဟာ အယ်ဖရာကွန်ဘီက လူတော်တော်များများကို အုပ်စုလိုက် မှတ်ဥာဏ်ပြင်ဂါထာတွေနဲ့ မှတ်ဥာဏ်ကို ဖျောက်ခဲ့ကာ မလိုလားအပ်တဲ့ကိစ္စတွေဖြစ်မလာအောင် တားဆီးနိုင်ခဲ့တယ်။
အပြည်ပြည်ဆိုင်ရာမှော်ပညာရှင်များအစည်းအရုံးကြီးဟာ ပုဒ်မ(၇၃)ကို မလိုက်နာမှုကြောင့် တိုင်းပြည်တော်တော်များများကို ခဏခဏ ဒဏ်တပ်ခဲ့ရတယ်။ တိဘက်ပြည်နဲ့ စကော့တလန်ပြည်တို့ဟာ အများဆုံး ဒဏ်တပ်ခံရတဲ့ နိုင်ငံတွေဖြစ်တယ်။ ထိုတိုင်းပြည်တွေမှာ နှင်းလူတွေကို Muggle တွေခဏခဏ တွေ့မြင်ရတာကြောင့် အပြည်ပြည်ဆိုင်ရာမှော်ပညာရှင်များ အစည်းအရုံးဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းကာ တောင်တန်းတွေမှာလေ့ လာစောင့်ကြည့်ဖို့ တာဝန်ပေးခဲ့ရပါတယ်။ ထိုကဲ့သို့ပဲ လော့နက်စ်ရေသတ္တဝါ (လော့နက်စ်ရေအိုင်မှ သတ္တဝါများအကြောင်း စာအုပ်အတော်များများမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်) ကိစ္စဟာ လည်း ကျော်ကြား လာခဲ့တယ်။
ဒါပေမယ့် Muggle တွေရဲ့ မှားယွင်းသော အယူအဆများကြောင့်လည်း ကျွန်တော်တို့ မှော်ပညာရှင်တွေ အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ယခုခေတ် Muggle တွေ အတော်များများဟာ သူတို ဘိုးဘေးတွေ မှော်ပညာ ကိုကြောက်ခြင်းရဲ့ရလဒ်ကြောင့် မှော်ပညာရှိတယ်ဆို တာမယုံကြည်ကြတော့တာ သံသယဖြစ်ဖွယ်မရှိပါ။ Porlock ရဲ့ အညစ်အကြေးတွေ Streeler ရဲ့ စွပ်ကြောင်းတွေကို သတိထားမိတဲ့ Muggle တွေတောင်မှ မှော်မဆန်တဲ့ဖြေရှင်းချက်တွေကို မရမကထုတ်ပြီး ကျေနပ်သွားကြတာပါပဲ။ Muggle တစ်ယောက်ဟာ Hippo-Griff တစ်ကောင်ရဲ့ တောင်ပံ ခတ်သံကိုကြားခဲ့မိပြီး ပျံသန်းသွားတာကို မြင်ခဲ့ရင်တောင်မှ အရက်မူးလို့ ဒါမှမဟုတ် ရူးကြောင်မူးကြောင် လျှောက်မြင်ပါတယ်လို့ တွေးကြမှာပါပဲ...။
ဟုတ်ပါပြီ။ ဒါဆိုရင် မှော်လူ့အဖွဲ့အစည်းဟာ ဒီအံ့သြဖွယ်ရာ သတ္တဝါတွေကို ဘယ်လို ဖုံးကွယ်ထားကြပါသလဲ။
ကံကောင်းစွာနဲ့ပဲ တစ်ချို့သောမျိုးစိတ်တွေဟာ မှော်ပညာရှင်တွေရဲ့ အကူအညီယူစရာ မလိုဘဲ သူတို့ဘာသာကို အမြင်ခံရခြင်းကနေ ရှောင်ကြဉ်ကြတယ်။ Tebo, Demiguise နဲ့ Bowtruckle လို အကောင်တွေဟာ သူတို့ကိုယ်တိုင်ဖုံးကွယ်တဲ့နေရာမှာ သက်ရောက်မှုကောင်းလွန်းတာကြောင့် မှော် ဝန်ကြီးဌာနရဲ့ ကာကွယ်မှုပင်မလိုအပ်ပါဘူး။ တစ်ချို့သောသတ္တဝါတွေဖြစ်တဲ့ Unicorn, Centaur, Moomcalf အစရှိတဲ့အကောင်တွေဟာ လိမ္မာပါးနပ်သောကြောင့် ဒါမှမဟုတ် မွေးရာပါရှက်ကြောက် တာကြောင့် လူတွေ့လုံးဝမခံပါဘူး။ တခြားသော မှော်ဝင်သတ္တဝါတွေကျတော့ သူတို့ရဲ့နေထိုင်ကျက်စား တာက တော်ရုံလူမရောက်နိုင်တဲ့နေရာတွေဖြစ်တယ်။ ဥပမာ Acromantula တွေဟာ လူတွေ မပေါက်ရောက်တဲ့ ဘော်နီယိုက တောနက်ထဲမှာနေကြတယ်။ ဇာမဏီငှက်တွေကလည်း မှော်ပညာမသုံးဘဲ နဲ့ ဘယ်လိုမှမရောက်ရှိနိုင်တဲ့ ကျောက်တောင်ထိပ်ဖျားတွေမှာ အသိုက်ဆောက်ကြတယ်။ ပြီးတော့ အများဆုံး ယေဘုကျအကျဆုံးအကောင်တွေကတော့ အရမ်းသေးလွန်းတာ၊ အရမ်းမြန်လွန်းတာ ဒါမှမဟုတ် သာမန်သတ္တဝါပုံစံပြောင်းသွားတာ စတဲ့အစွမ်းတွေကိုပိုင်ဆိုင်ထားတယ်။ Chizpurfles, Billywigs, Crups အစရှိတဲ့ကောင်တွေက ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။
ဘယ်လိုပဲနေနေ Muggle တွေရဲ့ အမြင်မှာတောင် သိသာလွန်းတဲ့ အကောင်တွေက အများအပြားရှိနေပါသေးတယ်။ ဒါကြောင့်မို့လည်း မှော်ဝင်သတ္တဝါများ ထိန်းချုပ်ကွပ်ကဲရေးဌာနဟာ အလုပ်လုပ်စရာတွေရှိနေတာပါ။ ဒီဌာနကြီးဟာ မှော်ဝန်ကြီးဌာနရဲ့ ဒုတိယအကြီးဆုံးဌာန လည်း ဖြစ်ပါတယ်။
****ဤကဏ္ဍကို အပတ်စဉ်သောကြာနေ့တိုင်းဖတ်ရှုနိုင်မည်ဖြစ်ပါသည် ....
Emyrus Ambrosius (AF)
KCB Center
(ဤကဏ္ဍတွင် မေတ္တာဖြင့်ဘာသာပြန်ဆိုပေးပါသော Myanmar Wiccan Association (AF)
မှ ဆရာ Emyrus Ambrosius အား KCB Center မှ
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း...)
Post a Comment